Wednesday, March 2, 2011

အဆီတဝင်းဝင်း အားလူးနဲ့ကြက်သားဆီပြန်ဟင်း


ကဲ ... မမတို့ညီမလေးတို့ရေ ..
မီးမ ဟင်းတွေ ချက်ပါတယ် .. အပျင်းတစ်ပြီး blog ပေါ်မတင်တာကြာပေါ့ .. ဒီတော့ ... မမတို့ ညီမလေးတို့ အတွက် မီးမ ရဲ့ မတောက်တခေါက် ကြက်ဆီပြန်လေးနဲ့ ဧည့်ခံမယ်နော် ...
ကြက်ဆီပြန်ဟင်း အတွက် လိုအပ်တာလေးတွေကို အရင် ပြောမယ်နော့ ...
ကြက်သား = အောက်ချိုး ၁ချိုး
ကြက်သွန်နီ = ၁လုံး (ထိုင်ဝမ်က ကြက်သွန်နီက မွေးကာစ ကလေးငယ်လောက် ရှိပါတယ်)
ငရုပ်သီးအရောင်တင်မှုန့် = ထမင်းစားဇွန်း ၄ ဇွန်း ( အရောင်လှချင်ရင် ပို ထည့်လို့ ရပါတယ်)
ငံပြာရည် = ထမင်းစားဇွန်း ၅ ဇွန်း
ကြက်သွန်ဖြူ = အမွှာကြီး ၁မွှာ
ခရုဆီ = ထမင်းစားဇွန်း ၁ဇွန်း
ဆနွင်းမှုန့် = လ္ဘက်ရည် ၁ဇွန်း
ငါးမှုန့် or အသားမှုန့် = လ္ဘက်ရည်ဇွန်း ၃ဇွန်း
အာလူး = ၅ လုံး
~~~~ ကဲ စပြီး ချက်မယ်နော်
အရင်ဆုံး ကြက်အောက်ချိုးကို အနေတော် အတုံးလေးတွေ တုံးပါ။ ပြီးရင် ရေနဲ့ စင်အောင်ဆေးပြီး မီးမ အခုန ပြောတဲ့ ငံပြာရည် ၃ဇွန်း အသားမှုန့် ဒါမှမဟုတ် ငါးမှုန့် ၂ဇွန်းနဲ့ ခရုဆီ ၁ဇွန်းနဲ့ နယ်ပါ။ ခရုဆီကတော့ အရောင်ပိုလှဖို့နဲ့ အချိုဓါတ်အတွက် အထောက် အကူပြုပါတယ်။ အရသာကို ကြိုနယ်ပြီးမှ ကျန်တဲ့ အရာများကိုဆက်လုပ်ပါမယ်။ ဒါမှ အရသာ ဝင်မှာကိုး။
အရင်ဆုံး ကြက်သွန်နီ/ဖြူကို အခွံခွါ တောက်တောက်ဆင်းပါ။ ပြီးရင် အာလူး ခွါ ပြီး အတန်သင့် အတုံးလေးတွေ အဖြစ် လှီးပြီး ရေဆေး ရေစစ် ထားပါ။ ပြီးရင် နုတ်နုတ်စင်းထားတဲ့ ကြက်သွန်နီ/ဖြူ ကို ဆီသတ်ပါမယ် ( ညှော်မယ်နော် )။ ပြီးသွားရင် ကျန်တဲ့ ငံပြာရည် ၂ဇွန်း အသားမှုန့် ၁ဇွန်း ဆနွင်းမှုန့်နဲ့ ငရုပ်သီးမှုန့်တို့ကို ရောပြီး ဆီသတ်ပါမယ်။ ကြက်သွန်နီဖြူ ဆီသတ်လို့ အနံ့လေး ရလာပြီဆို ကြက်သားကို ထည့်ပြီး မွှေပါ။ ပြီးလျှင် ခဏ အုပ်ထားပြီး ရေအနည်းငယ်ထည့်ထားပါ။ မီးဖိုမှ မီးကို အနည်းငယ်လျှော့ထားပါ။ တချက် တချက် မွှေပေးပါ။ မိနစ် ၂၀လောက် ကြာတဲ့အခါ အိုး အတွင်းမှ ကြက်သား ဖြူလာလျှင် ( ကျက်သွားသည့်အရောင်) အာလူး အတုံးလေးများကို ထည့်ပြီး ရောမွှေပါ။ ရေအနည်းငယ် ထည့်ပြီး အိုး ပြန်အုပ်ထားပါ။ ၁၀မိနစ်ခန့် ကြာသည့်အခါ အာလူးနှင့် ကြက်သားကို ဓါးချွန်လေးနဲ့ ထိုးကြည့်ပါ။ အတွင်းကို လွယ်လွယ်ကူကူ စိုက်ဝင်သွားပါက အရသာရှိတဲ့ ကြက်သားအာလူးဆီပြန်ကို ဟင်းပန်းကန်ထဲ လှလှပပ ပြင်ဆင်ပြီး စားလို့ရပါပြီရှင်။



0 comments: